စပ်တူလုပ်ငန်းအတွက်အဆင့် (၆) ဆင့်
လုပ်ငန်းစပ်တူလုပ်မယ်ဆိုရင် ဒီအဆင့် (၆)ဆင့်တော့အနည်းဆုံးသိအောင်လုပ်ထားပါ။
(၁) လုပ်ငန်းတွင်ပါဝင်သောအရာများကို စာရင်းလုပ်ပါ
ကိုယ်တစ်ဦးတည်းလုပ်တုန်းက လုပ်ငန်းအတွက် ကိုယ်ပိုင်ပစ္စည်းတွေကိုသုံးခဲ့တယ်။ ဥပမာ ကားပေါ့။ နောက်ရှယ်ယာခေါ်ပြီးစပ်တူလုပ်ကြတော့ မပြောမိဘူး။ ကိုယ်နဲ့လုပ်တဲ့သူက ကားကလုပ်ငန်းပိုင်လို့ထင်နေတယ်။ တစ်နေ့တော့ လုပ်ငန်းတွေအဆင်မပြေဖြစ်ကြတော့ ပြောကြတဲ့အခါ အငြင်းပွားဖွယ်ရာဖြစ်ရတော့တယ်။
လုပ်ငန်းရဲ့ပိုင်ဆိုင်မှုအောက်မှာဘာတွေပါဝင်သလဲ၊ ဘာတွေမပါဘူးလဲ။
စာရင်းလုပ်ပါ။
(၂)လုပ်ငန်းတန်ဖိုးသတ်မှတ်ပါ
လုပ်ငန်းရှယ်ယာခေါ်တာပဲဖြစ်ဖြစ်၊ စပ်တူပေါင်းလုပ်ကြတာပဲဖြစ်ဖြစ် လုပ်ငန်းကြီးတစ်ခုလုံး ဘယ်လောက်တန်သလဲ ဆိုတာ မသိရင် တစ်ဦးနဲ့တစ်ဦးဘယ်လောက်ပိုင်သလဲမသိပဲ လုပ်ငန်းကြီးထွားလာတဲ့အခါ အခက်တွေ့ပြီး စိတ်ပျက်ဖွယ်ရာဆက်ဆံရေးတွေနဲ့အဆုံးသတ်ဖြစ်လေ့ရှိပါတယ်။
သတ်မှတ်တဲ့နည်းလမ်း (၇)နည်းရှိပါတယ်။
၁။ book value ပစ္စည်းအခြေခံတန်ဖိုးသင့်ခြင်း
၂။ Similar Business တန်ဖိုးသင့်ခြင်း
၃။ Relative value model ဆက်စပ်တန်ဖိုးသင့်ခြင်း
၄။ Profitability & Growth ( PEG) ပေါ်အခြေခံပြီးတန်ဖိုးသင့်ခြင်း
၅။ Net asset များကို Market Value ဖြင့်တန်ဖိုးသင့်ခြင်း
၆။ Discounted Cashflow နည်းဖြင့် တန်ဖိုးသင့်ခြင်း
၇။ Gross Revenue Multiplier ဖြင့် တန်ဖိုးသင့်ခြင်း
(၃) လုပ်ငန်းပိုင်ဆိုင်မှု ဘယ်လောက်ကိုရောင်းမှာလဲ
ရှယ်ယာဆိုတာ ရောင်းတာမဟုတ်ပဲ ထဲ့ဝင်တာဖြစ်ပါတယ်။ ရောင်းတာက လုပ်ငန်းပိုင်ဆိုင်မှု (Ownership) ဖြစ်ပါတယ်။ ကိုယ်ကအစက ရာနှုန်းပြည့်ကိုယ်တစ်ဦးတည်းပိုင်တယ်။ ကိုယ်တစ်ဦးတည်းဆုံးဖြတ်နိုင်တယ်။ နောက်တော့ စပ်တူလုပ်ကြတဲ့အခါ သူထဲ့ဝင်တဲ့အချိုးပေါ်မူတည်ပြီး ownership ပေးရတယ်။
ဘယ်လောက်ရောင်းမှာလဲ ဆုံးဖြတ်ပါ။
(၄) ဘယ်လောက်နှုန်းနဲ့ရောင်းမှာလဲ
စပ်တူပေါင်းလုပ်တဲ့အခါ များသောအားဖြင့် လူဘယ်ဦးနဲ့ပေါင်းလုပ်မလဲ ဆိုတာကိုပဲ စဉ်းစားလေ့ရှိပါတယ်။ ပိုင်ဆိုင်မှုကိုလဲ ရာခိုင်နှုန်းနဲ့ပဲပြောလေ့ရှိပါတယ်။ အမှန်က ရှယ်ယာဘယ်နှစ်စောင် ဆိုတာကို အဓိကထားစဉ်းစားရမှာပါ။ ဒါမှအမြတ်ရရင် ရလာတဲ့အမြတ်ကို ရှယ်ယာအစောင်ရေနဲ့စားပြီး ဝေခွဲလိုက်ယုံပါပဲ။ တစ်စောင်ကို ဘယ်လောက်နဲ့ဈေးသတ်မှတ်မှာလဲ။ စုစုပေါင်းရှယ်ယာဘယ်နှစ်စောင်ထုတ်မှာလဲ ။
(၅) အမြတ်ဘယ်လိုခွဲဝေကြမလဲ
ရရှိလာတဲ့အမြတ်ကို နှစ်စဉ်ထုတ်မှာလား။ သုံးနှစ်တစ်ခါထုတ်မှာလား။ အကုန်ထုတ်ပစ်လိုက်မှာလား။ တစ်ဝက်ကိုပဲ ထုတ်မှာလား။ တဘက်လူသဘောတူရဲ့လား၊ လုပ်ငန်းမလုပ်ခင်ကတည်းက ရှင်းရှင်းလေးလုပ်ပါ။
(၆) ဘယ်လိုငွေပြန်ဖော်လို့ရနိုင်သလဲ
တစ်ချိန်မှာ ငွေပြန်လိုအပ်လာရင် ဘယ်လိုလုပ်လို့ရနိုင်သလဲ။ ရှယ်ယာတွေပြန်ရောင်းလို့ရလား။ ဘယ်စျေးနဲ့လဲ။ တစ်နှစ်အတွင်း ရောင်းလို့ရလား။ ရောင်းရင်ရော အချင်းချင်းအရင်ဦးဆုံးဦးစားပေးရောင်းရမှာလား၊ ကိုယ့်သားသမီးမိသားစုကို လွဲပြောင်းပေးလို့ရလား အစကတည်းက ရှင်းရှင်းလုပ်ပါ။
စီးပွားရေးအကြံပေး