အဓိပ္ပါယ်ရှိသောစီးပွားရေးလုပ်ပါ
ပိုက်ဆံရှာဖို့လုပ်တဲ့စီးပွားရေး ထက်၊ အဓိပ္ပါယ်ရှာဖို့လုပ်တဲ့ စီးပွားရေး က ပိုက်ဆံပိုဝင်တယ်။
စီးပွားရေးလုပ်ငန်းတစ်ခုက ကိုယ့်အတွက်လဲ အဓိပ္ပါယ် ရှိတယ်၊ စားသုံးသူတွေအတွက်လဲ အဓိပ္ပါယ်ရှိတယ် ဆိုရင် တစ်ချိန်မှာ အောင်မြင်တာပါပဲ။
အဓိပ္ပါယ်ဆိုတာ လုပ်ငန်းအတွက်လဲ အရေးကြီးသလို၊ စားသုံးသူအတွက်လဲအရေးကြီးပါတယ်။
ကိုယ့်အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခု ဆိုတာ ထမင်းစားမေ့ဟင်းစားမေ့ လုပ်နိုင်တယ်။ ဘယ်လောက်အခက်အခဲရှိရှိ ကြိုးစားတယ်။ ငွေကြေးဆိုတာ အဓိပ္ပါယ်မဟုတ်ဘူး၊ ကြိုးစားမှုရဲ့ရလဒ်လို့သဘောထားတယ်။ အဓိပ္ပါယ်ရှိရှိရှိလုပ်တော့ စေတနာပါတယ်။ စိတ်ရင်းနဲ့လုပ်ပေးတယ်။ ကြိုးစားတယ်။ လွယ်လွယ်နဲ့လက်မလျော့ဘူး။
အမှန်တော့ စားသုံးသူတွေ ဝယ်တာကလဲ အဲဒီ အဓိပ္ပါယ်ပါပဲ။
ထုတ်ကုန်ပစ္စည်း ဝယ်တာမဟုတ်ဘူး၊ အဲဒီ နောက်ကွယ်က အဓိပ္ပါယ် ကို ဝယ်တာ။ ရေဗူးတစ်ဗူး ကို ဝယ်တာမဟုတ်ဘူး၊ သန့်ရှင်းတဲ့သောက်ရေ ဆိုတဲ့ အဓိပ္ပါယ် ကို စားသုံးသူ ကဝယ်တာ။ အလွတ်ကြီးရေဖြစ်တိုင်းဝယ်တာမဟုတ်ဘူး။
ဝန်ဆောင်မှုတစ်ခုကို ဝယ်တယ်။ ဒီဝန်ဆောင်မှုမျိုးအခြားလုပ်ငန်းတွေလဲ ပေးတာပါပဲ။ အတူတူပါပဲ။ ဒါပေမယ့် အဲ့ဒီလုပ်ငန်းကို ရွေးချယ်အားပေးတယ်ဆိုတာက သူတို့ဝန်ဆောင်မှုပေးတဲ့ ပုံစံကို ကြိုက်လို့။ သူတို့ဝန်ဆောင်မှုပေးတဲ့ပုံစံက တစ်ခုခုကို ယုံကြည်စွာလုပ်ဆောင်နေတာ၊ အဓိပ္ပါယ် ရှိစွာဝန်ဆောင်မှု ပေးနေတာ။ လုပ်ငန်းကလဲ အဓိပ္ပါယ်ရှိတယ်၊ စားသုံးသူကလဲ အဓိပ္ပါယ်သိတယ်။ ရှိလဲရှိ ၊ သိလဲသိပေါ့။
ဒါကြောင့် .. အဓိပ္ပါယ် ဆိုတာ လုပ်ငန်းတိုင်းအတွက် အရေးကြီးတယ်။
ကိုယ့်ထုတ်ကုန်ပစ္စည်းတွေကို ကြည့်လိုက်တာနဲ့လုပ်ငန်းတစ်ခုက ဘယ်လိုအဓိပ္ပါယ်နဲ့ထုတ်ထားလဲဆိုတာ တွေ့နိုင်ရမယ်။
ဝန်ဆောင်မှု လုပ်ငန်း တစ်ခုက ဘယ်လိုအဓိပ္ပါယ်နဲ့ဝန်ဆောင်မှုပေးတာလဲ ဆိုတာ စားသုံးသူတိုင်းသိတယ်။ ခံစားမိတယ်။ ငွေရယုံပဲလား၊ အဖြစ်လား၊ ရင်ဘတ်ထဲကလား၊ စိတ်ကောပါရဲ့လား။ မေးစရာမလိုဘူး ၊ ခံစားမှုတွေနဲ့အဓိပ္ပါယ်တွေသိနေတယ်။
အဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခု လုပ်နေရရင် မပင်ပန်းဘူး၊ ပိုက်ဆံမရရင်လဲနေပါစေ၊ လုပ်နိုင်တယ်။
အဲဒီလိုပဲ စားသုံးသူကလဲ အဓိပ္ပါယ်ရှိတဲ့လုပ်ငန်းကိုပဲ အားပေးချင်တယ်၊ စေတနာပါတယ်လို့ခံစားမိတယ်။
အမှန်တော့ .. စီးပွားရေးလုပ်ငန်းဘက် နဲ့စားသုံးသူဘက် နှစ်ဘက်စလုံးကို ပေါင်းကူးပေးထားတာ ဒီ အဓိပ္ပါယ်ဆိုတဲ့အရာပါပဲ။
အဓိပ္ပါယ် ရှာပါ။
ကိုယ့်ထုတ်ကုန်တိုင်း အဓိပ္ပါယ် ပေါင်းထဲ့ပါ။
ကိုယ့်ဝန်ဆောင်မှုတိုင်း အဓိပ္ပါယ် ပေါင်းထဲ့ပါ။
အဓိပ္ပါယ် ရှိရင် .. စားသုံးသူတွေက အဓိပ္ပါယ်ရှိရှိ ဝယ်ယူကြမှာပါပဲ။
အဓိပ္ပါယ်မရှိရင် .. ဘာဖြစ်လို့ဝယ်ရမှာလဲ ၊
ဝယ်ရတာ အဓိပ္ပါယ်လဲ မရှိဘူးလေ။ ။
မာသင်