...

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။
ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။
တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။


အဲဒီ (၅) ခု က..
၁။ အသိပညာ ( Knowledge )
၂။ အင်နာဂျီ စွမ်းအင် ( Energy)
၃။ မိသားစု ( Family)
၄။ ငွေကြေး ( Finance)
၅။ မျှဝေမှု နှင့် ကောင်းမှုကုသိုလ် (Service)

၁။ အသိပညာ ( Knowledge )
အသိပညာတိုးတက်အောင် နေ့ စဉ် စာဖတ်ပါတယ်။ စာအုပ်စာပေဆိုတာ စာအုပ်ရေးတဲ့ ပညာရှင် ကို ကိုယ့်အိမ်ခေါ်ထားပြီး သူတတ်တဲ့ ပညာတွေ၊ ဗဟုသုတတွေကို နာရီပေါင်းများစွာ လာသင်ကြားပေးတယ်လိုကျွန်တော် ခံယူထားပါတယ်။ စာအုပ်တစ်အုပ်တိုင်းကို ပညာရှင်တစ်ယောက် လိုခံယူထားပြီး ကျွန်တော့်အိမ်မှာ ပညာရှင်ပေါင်းများစွာ ရှိပါတယ်။ ပြီးတော့ ကျွန်တော် နေ့စဉ်နဲ့အမျှ မနက်ပိုင်းမှာ သူတိုသင်ကြားသမျှ ထိုင်ပြီး သင်ကြားခံယူလေ့ရှိပါတယ်။

၂။ အင်နာဂျီလန်းဆန်းစွမ်းအင် (Energy)
တစ်ရက်တာကုန်သွားပေမယ့် အင်နာဂျီပြည့်ပြီးလန်းဆန်းနေရင် အလုပ်ပိုပြီးပေမယ့် ၊ အင်နာဂျီမရှိ၊ အိပ်ရေးတွေပျက်၊ မလန်းဆန်းပဲ ချိနဲ့နေရင် ကုန်သွားတဲ့တစ်ရက်တာမှ မယ်မယ်ရရ မပြီးမြောက်တတ်ပါဘူး။ တစ်ရက်ချင်းတူပေမယ့် Energy ပြည့်ပြီးလန်းဆန်းနဲ့နေ့ရက်ဆိုတာ ပိုပြီးအလုပ်ပြီးမြောက်ပါတယ်။ Energy မရှိမလန်းဆန်းရင် အလုပ်မှ မဟုတ်ပါဘူး၊ မိသားစုရေး ကိုလဲ ထိခိုက်နိုင်ပါတယ်။ မလန်းဆန်းပဲ အမြဲပင်ပန်းနွမ်းနယ်နေတဲ့လူတစ်ယောက်အတွက် အမြဲစိတ်ဆိုး၊စိတ်ဆတ်နေတဲ့အတွက် အဲဒီလိုလူတစ်ယောက်ဆိုတာ ဖခင်ကောင်းတစ်ယောက် ဒါမှမဟုတ် ခင်ပွန်းကောင်းတစ်ယောက်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
လိုတိုရှင်းပြောရရင် .. ဘဝမှာ အောင်မြင်မှု နဲ့ဆက်စပ်နေသမျှအရာအားလုံးဟာ ဒီ Energy ဆိုတဲ့ စကားလုံးလေးတစ်လုံးပေါ်မှာ မူတည်နေပါတယ်။

Energy ပြည့်အောင် ကျွန်တော် ဒီနည်းလမ်းတွေလုပ်ပါတယ်။
-နေ့စဉ် မနက်ပိုင်းမှာ မိနစ် ၃၀ လောက် ချွေးထွက်နေအောင်ပြေးပါတယ်။ (Run)

-ရေခွက်ထဲကို သံပရာသီးတစ်စိတ်လောက်ထဲ့ပြီး ၀၀ သောက်ပါတယ်။ (Water)

-အသက်ပြင်းပြင်း အခါ ၃၀ ရှူပြီး အောက်စီဂျင် ၀၀ ရအောင်လုပ်ပါတယ်။ (Oxygen)

-နေရောင်ခြည်ကိုခံယူပြီး ခန္ခာကိုယ်နာရီ ဆာကေဒီယမ် ကို အားပေးပါတယ်။ (Light)

-အမျှင်ဓတ်နဲ့ကောင်းတဲ့အဆီဓတ်ပါဝင်တဲ့ ကြက်ဥ၊ ဒါမှမဟုတ် ထောပတ်သီးစားပါတယ်။ (Fat intake)
အတိုကောက်အားဖြင့်

Run WOLF ( ပြေးနေတဲ့ ဝံပုလွေ) လိုမှတ်ထားပါတယ်။
အဲဒါတွေလုပ်ဖိုမိနစ် (၃၀) ပဲ လိုပါတယ်။
မှတ်ချက်
။ ။ လိုက်လုပ်ရန်မဟုတ်ပါ၊ ကျွန်တော်လုပ်တဲ့အရာတွေ နဲ့ ယုံကြည်တာတွေကို မျှဝေခြင်းသက်သက်သာဖြစ်ပါတယ် ။
တစ်ရက်တာရဲ့အစမှာ အဲဒီ မိနစ် (၃၀) ကိုယ့်ကိုယ်ကို အချိန်မပေးနိုင်ရင်၂၄ နာရီလုံး အလဟသဖြစ်သွားတတ်ပါတယ်။ နေ့တစ်နေ့စတင်ဖိုအတွက် အရေးကြီးဆုံး မနက်ခင်း မိနစ် (၃၀) ပါပဲ။

၃။ မိသားစု (Family)
မိသားစုနဲ့ပတ်သက်လာရင် ကျွန်တော် အဓိကထားတဲ့အရာကတော့ Ritual of Connection ဆိုတဲ့အရာပါ။
Ritual ဆိုတာ နေ့စဉ် လုပ်တဲ့အရာ လေးတစ်ခုဖြစ်ပါတယ်။ Connection ဆိုတာကတော့ ဆက်နွယ်မှုပေါ့။ မိသားစုဝင်နဲ့ဆက်နွယ်မှုရအောင်နေ့စဉ် အကြောင်းအရာတစ်ခုကို အတူတကွလုပ်ခြင်းမျိုးဖြစ်ပါတယ်။ ဥပမာ ညစဉ်ညတိုင်း အိပ်ယာဝင်ခါနီးတိုင်း မိသားစုနဲ့အတူတကွ ဘုရားရှိခိုးတာ၊ ဆုတောင်းတာ မျိုးပေါ့။ ဒါမှမဟုတ် နေ့တိုင်း ဘယ်လောက်အလုပ်များများ မိသားစုညစာကို အတူတကွစားတာမျိုးပေါ့။ ဒါမှမဟုတ် အိပ်ယာဝင်ခါနီးတိုင်း သားသမီးတွေကို ပုံပြင်ဖတ်ပြတာမျိုးပေါ့။ ဒီလိုအရာလေးတွေက သားသမီးတွေနဲ့ ဆက်နွယ်မှုဖြစ်စေပြီး နောင်အချိန်သူတို့လေးတွေကြီးလာသည်အထိ အမှတ်ရနေတတ်ပါတယ်။ နေ့စဉ် လုပ်ရမယ့် Ritual ရှိသလို ၊ လစဉ် ၊ နှစ်စဉ်လုပ်ရမယ့် Ritual လဲရှိပါတယ်။ နှစ်စဉ်ဥပမာအနေနဲ့ နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်တိုင်းလုပ်လေ့ရှိတဲ့အရာတွေကို မိသားစုဝင်တွေက အမှတ်ရလေ့ရှိသလို၊ သီတင်းကျွတ်တိုင်းမိသားစုဝင်တွေ အမြဲလုပ်နေကျအရာဆိုတာလဲ ဆက်နွယ်မှုကို ခိုင်မြဲစေတဲ့ Ritual of connection ပါပဲ။
အမှတ်တရတွေနဲ့ပြည့်နေပြီး ဆက်နွယ်မှုခိုင်မြဲအောင် နေ့စဉ် မိသားစုအတူတကွလုပ်နိုင်တဲ့
Ritual of Connection ကို သတ်မှတ်ပြီး လုပ်ဆောင်ပါ။
နောက်ထပ်အကြောင်းအရာများကတော့ ..
အိမ်ထောင်ဖက်ကို Appreciation ချီးကျူးစကားမကြာခဏ ဆိုခြင်း
အတူတကွပျော်စရာ Game ကစားခြင်း တို့ပဲ ဖြစ်ပါတယ်။
လွယ်လွယ်ကူကူလဲ လုပ်နိုင်ပြီး၊ မိသားစု အမှတ်တရများစွာကိုလဲ ဖန်တီးနိုင်တာကြောင့် နေ့တစ်နေ့သီးသန့်အချိန်ပေးပြီးလုပ်သင့်တဲ့အရာများဖြစ်ပါတယ်။ လုပ်ဖြစ်ရင် ဓတ်ပုံတွေ၊ ဗွီဒီယိုတွေအများကြီးရိုက်ပြီးမှတ်တမ်းတင်ထားဖို့မမေ့နဲ့နော်။ မိသားစု မှတ်တမ်းဓတ်ပုံဗွီဒီယိုတွေဆိုတာ အရမ်းတန်ဖိုးရှိပါတယ်။ ရိုက်ဖြစ်အောင်ရိုက်ပါ။

၄။ ငွေကြေး (Finance)
ငွေကြေးဆိုတာ အရေးအကြီးဆုံးမဟုတ်ပေမယ့်၊ ဘဝမှာ အရေးကြီးတယ်ဆိုတဲ့အရာတွေလုပ်ဖို့ငွေကြေးရှိဖို့လိုပါတယ်။
ကျန်းမာရေးမကောင်းလို့ဆေးရုံတက်ဖို့ငွေကြေးလိုပါတယ်။
ကိုယ်ချစ်ရတဲ့မိသားစုကို ကောင်းကောင်းထားဖို့ငွေကြေးလိုပါတယ်။
ကျန်းမာသန်စွမ်းပြီး အခွင့်ကောင်းတွေရနေချိန်မှာ ငွေကြေး ကို ဂရုမစိုက်ရင်၊ နောင်တစ်ချိန်မှာ ငွေကြေးကလဲ ကိုယ့်ကို ဂရုစိုက်လေ့မရှိပါဘူး။ ဂရုစိုက်တယ်လို့ဆိုရာမှာ နည်းလမ်း (၃) ခု ရှိပါတယ်။

ငွေကြေးဂရုစိုက်ခြင်း နည်းလမ်း (၃) ခု
၁။ ရှာ
၂။ စု
၃။ ပွား
ငွေဆိုတာ ရှာနိုင်ယုံတစ်ခုတည်းမရပါဘူး၊ မထိန်းသိမ်း မစုထားနိုင်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလိုပါပဲ။ ပင်ပန်းစွာရှာထားပေမယ့် ဘယ်ရောက်ကုန်မှန်းမသိပါဘူး။ စုထားနိုင်ပေမယ့် မပွားနိုင်ပြန်ရင်လဲ ဖောင်းပွနုန်းနဲ့ဒေါ်လာဈေးတက်တာတွေကြောင့် ထားညှက်ခဲခွေးလျှက်သလို လုံးပါးပါးတာပါပဲ။ ဒီအချက်(၃) ချက်ကို ကျွန်တော် လိုတိုရှင်းဒီလိုလေးမှတ်ထားပါတယ်။ “ငွေကြေးကြွယ်များ ရှာ၊စု၊ပွား”… ဆိုပြီးတော့လေ။ ။
လျှာတော့ နည်းနည်းခလုတ်တိုက်လိမ့်မယ်နော်

၅။ မျှဝေမှု နဲ့အများကောင်းကျိုး (Service)
ငယ်စဉ်ကျောင်းတက်တုန်းက အလွတ်ကျက်ခဲ့ပြီး ယနေ့အထိ စွဲနေတဲ့ ရှင်မဟာရဋ္ဌသာရပျို့စာပုဒ်လေးတစ်ပုဒ် ကတော့ ..
“ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုးလျက် ၊ ကောင်းကျိုးကိုယ်၌တည်စေမင်း” ဆိုတဲ့စာကြောင်းပါပဲ။
မျှဝေမှု နဲ့အများကောင်းကျိုးဆိုတာ ကျွန်တော်စွဲစွဲမြဲမြဲ ခံယူထားတဲ့ ယုံကြည်ချက်တစ်ခုဖြစ်ပါတယ်။ နှစ်ရှည်လများလုပ်ခဲ့သလို၊ “ စီးပွားရေးအသိပညာများကို နှစ်စဉ်နှစ်တိုင်း ပညာလိုလားသူပေါင်း တစ်သန်းတိတိကို မျှဝေသွားမည်” လို့ www.mar-thin.com အောက်ခြေမှာကျွန်တော့်ရဲ့ခံယူချက်ကို ရေးထားပါတယ်။
ကျွန်တော့်ရဲ့ခံယူချက်အတိုင်း မျှဝေမှုတွေ လုပ်လာခဲ့တာ ဒီစာရေးတဲ့အချိန် (2021) မှာဆိုရင် ခုနှစ်(၇) နှစ် ရှိခဲ့ပါပြီ။
ဆောင်းပါးအရေအတွက်လဲ ထောင်နဲ့ချီပြီးရေးခဲ့သလို၊ ဗွီဒီယိုတွေလဲ ၆၀၀ ကျော်ရှိခဲ့ပါပြီ။ ဆက်ပြီးလဲ မျှဝေသွားဦးမှာပါ။ တစ်နှစ်တစ်သန်း၊ မီးစာမခမ်းသ၍ပေါ့ဗျာ။ ။
မိတ်ဆွေများအားလုံးကိုချစ်ခင်လေးစားလျှက် ..
မာသင် ( မျှဝေသည်)

Related Articles

ဂန္တဝင်မြောက်သောဘ၀ဖော်ဆောင်ရေး

Masterpiece Life Plan ဘ၀နေဝင်ချိန်မှာ … ဘာတွေနောင်တ ရတတ်လဲ ? ဒီမေးခွန်းကို James Hansberger ဆိုတဲ့သူလဲ သိချင်ခဲ့ပါတယ်။ သူကတော့ Hansberger Group ရဲ့ founder လဲဖြစ်ပြီး Wealth Advisor တစ်ဦးလဲဖြစ်ပါတယ်။ သူက ဘ၀နေဝင်ချိန်နီးတဲ့သူတွေကိုဆေးရုံတွေမှာသွားရောက်သုတေသနပြုခဲ့ပြီးနောက်ဆုံးမှာ.. လူအများစုရဲ့ဘ၀နေဝင်ချိန်မှာရလေ့ရှိတဲ့နောင်တ…

နှစ်သစ်မှာ တွန်းအား ဖြစ်စေပါ

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊…

တန်ဖိုးကြီးသောအရာများ

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ဝန်ထမ်းတွေကို ပေးရမယ့် Training (၅) မျိုး

ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု နဲ့ လုပ်ကိုင်နိုင်စွမ်း တိုးတက်လာဖို့ဆိုတာ လုပ်ငန်းရှင်ဘက်က ဘယ်လောက်အထိ ပံ့ပိုးပို့ချ ပေးနေသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဝန်ထမ်းရေးရာဌာန မှာ .. ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးဌာန (Talent Development Team) တစ်ခုဖွဲ့ပါ။ ပြီးရင် အောက်ပါ သင်တန်းတွေကို လစဉ်ပို့ချပေးနိုင်အောင် ထောက်ပံ့ပါ။ ဘယ်လို…