မျှော်လင့်ချက်ကိုဝယ်ယူခြင်း
ဘယ်လိုအရာကို ဝယ်ဝယ်၊သုံးသုံး၊ စားသုံးသူတွေမှာ မျှော်လင့်ချက် တစ်ခု အမြဲရှိတယ်။
အလှကုန်တစ်ခုကို ဝယ်တယ်… မူလထက်ပိုမိုလှပသွားခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုတိုးခြင်း ဆိုတဲ့အရာကို မျှော်လင့်တယ်။
အရက်တစ်ပုလင်းကို ဝယ်တယ်.. မူးရစ်သွားခြင်း၊လွတ်လပ်သွားခြင်းကို မျှော်လင့်တယ်။
အပေါက်ဖောက်စက်တစ်ခုကို ဝယ်တယ်… အပေါက်ဖြစ်လာဖို့ကို မျှော်လင့်တယ်။
ဝန်ဆောင်မှုတစ်ခုကို ဝယ်တယ်.. ပြသနာအခက်အခဲတစ်ရပ်ကို ဖြေရှင်းသွားဖို့မျှော်လင့်တယ်။
ထုတ်ကုန်တစ်ခု၊ မျှော်လင့်ချက်အထွေထွေ
တစ်ခါတစ်လေ.. ဝယ်ယူတဲ့ထုတ်ကုန်တစ်ခုတည်းကိုပဲ မျှော်လင့်ချက် အမျိုးမျိုးဖြစ်နိုင်တယ်။
ပီဇာ တစ်ချပ်ကို ဝယ်စားတယ်.. အချို့က ဆာနေတဲ့ဗိုက် ပြည့်သွားဖို့ပဲ မျှော်လင့်တယ်၊ အချို့က အရသာကောင်းကောင်းလျှာဇိမ်ခံရဖို့မျှော်လင့်တယ်၊ အချို့က ပီဇာစားနိုင်တဲ့ဂုဏ်ဒြပ်တစ်ခုကို မျှော်လင့်တယ်၊ အချို့က ပီဇာဆိုင်မှာ ထိုင်စရာနေရာကောင်းတစ်ခုကို ပိုပြီးမျှော်လင့်တယ်၊ အချို့က သီချင်းလေးတစ်ပုဒ်နဲ့စိတ်ခံစားမှုကောင်းတစ်ခုကို မျှော်လင့်တယ်။
ဟိုတယ်တစ်ခု သွားတည်းရာမှာလဲ ဒီလိုပဲ။
အချို့က ဟိုတယ်ထက် ရေကူးကန် ကို ပိုမျှော်လင့်တယ်၊ အချို့က လည်ပတ်စရာ၊ ဓတ်ပုံရိုက်စရာ ရူခင်းကောင်းတစ်ခုကို ပိုမျှော်လင့်တယ်၊ အချို့က အခန်းကျယ်ကျယ်ဝန်းဝန်းကို မျှော်လင့်တယ်၊ အချို့ က ဇိမ်ခံပစ္စည်းတွေကို မျှော်လင့်တယ်။
ဒါကြောင့် လုပ်ငန်းတစ်ခုအနေနဲ့ မျှော်လင့်ချက်ကို လမ်းကြောင်းပေးတတ်ဖို့အရေးကြီးတယ်။
အကုန်ကောင်းဆိုတာ ထက် တစ်ခုကောင်းကို အသားပေးတတ်ဖို့လိုတယ်။
မျှော်လင့်ချက်တွေများနေတဲ့ စားသုံးသူဖောက်သည်တွေကို မျှော်လင့်ချက်ကောင်းတစ်ခု ကို မပျက်မကွက်ဆောင်ရွက်ပေးတတ်ကြောင်း သက်သေပြနိုင်ဖို့လိုတယ်။
အကုန်ကောင်းလုပ်နေရင် … တစ်ခုမှကောင်းတယ်လို့မမြင်ပဲ၊
တစ်ခုကောင်းလုပ်တဲ့အခါ… အကုန်ကောင်းတယ်လို့မြင်တာကို စားသုံးသူလို့ခေါ်ပါတယ်။
ဒါကြောင့် အကြံပေးချင်တာက .. .
စားသုံးသူတွေမျှော်လင့်ချက်ကို လမ်းကြောင်းပေးပါ။
ဘယ်လိုလမ်းကြောင်းပေးရမလဲဆိုရင်…
အကုန်ကောင်းမဟုတ်ပဲ တစ်ခုကောင်းကို ရပ်တည်ပါ။
ကိုယ့်တစ်ခုကောင်းရပ်တည်ချက်ကို ရူးသွပ်စွာ ဝန်ဆောင်ဖြည့်ဆည်းပေးပါ။
တစ်ခုပဲ မျှော်လင့်ပါစေ။
အဲဒီတစ်ခုကလဲ ကိုယ်ရူးသွပ်စွာဝန်ဆောင်ဖြည့်ဆည်းပေးနိုင်တဲ့အရာဖြစ်ပါစေ။
မာသင်