ဝန်ထမ်းတာဝန်ပေးနည်း
၀န်ထမ်းများကို တာဝန်ပေးတော့မယ်ဆိုရင် ..
ဒီ ကဗျာ လေး ရွတ်ဆိုကြည့်ပါ။
“ပြင်ဆင်၊ လူရွေး
ဆွေးနွေး၊သဘောတူ
ခွင့်ပေး၊ စောင့်ကြည့်
မလွဲခင် အထိ
လုပ်ရန် ၆ ခုသာ။”
(၁) ပြင်ဆင်(Prepare) … ဆိုတာ ဝန်ထမ်းကို တာဝန်တစ်ခု မလွဲခင်မှာ သေချာစဉ်းစားပြင်ဆင်ထားရမယ့်အကြောင်းအရာတွေကို ချရေးပြီး၊ ဘယ်အပိုင်းကို တော့လွဲပြီးလုပ်ခိုင်းမယ်။ ဘယ်အပိုင်းကိုတော့ ကိုယ်တိုင်လုပ်မယ်။ ရည်ရွယ်ချက် က ဘာတွေ၊ အဓိက အခက်အခဲက ဘယ်အပိုင်းတွေ၊ ဦးစားပေး ရမယ့်အပိုင်းက ဘယ်အပိုင်း စသည်ဖြင့် စဉ်းစားပြင်ဆင်သတ်မှတ်တာကို ပြောတာ။
တန်းပြီး ခိုင်းတာ၊ တန်းပြီး တာဝန်ချပေးတာ ပထမအဆင့်မဟုတ်ဘူး။
ဘယ်အပိုင်းကို ခိုင်းမယ်။ ရည်ရွယ်ချက်က ဘာ.. ဆိုတဲ့ အရာကို စဉ်းစားပြင်ဆင်သတ်မှတ်တာ ပထမအဆင့်ဖြစ်ပါတယ်။
(၂) လူရွေး (match person) … ဆိုတာ လူမှန်၊တာဝန်မှန် ဟုတ်ရဲ့လား လို့မေးတာ။ သူ့ကျွမ်းကျင်မှု နဲ့ပေးထားတဲ့တာဝန်နဲ့ကိုက်ညီရဲ့လားလို့မေးတာ။ လူမှန် နေရာမှန်၊ ကျွမ်းကျင်မှုမှန်၊ တာဝန်မှန် နေဖို့အရေးကြီးတယ်။
မဟုတ်ရင်.. stress ဖြစ်ရော။
(၃) ဆွေးနွေး(Discuss) ….ဆိုတာ လုပ်ငန်းရှင်နဲ့ဝန်ထမ်း ကြားသေချာဆွေးနွေးပြီး သဘောပေါက်အောင်ရှင်းပြတာ။ မဟုတ်ရင် လုပ်ငန်းရှင်က ဘာကို ခိုင်းမှန်းမသိ၊ ဝန်ထမ်းကလဲ ဘာတွေလုပ်မှန်းမသိ နဲ့နားလည်မှုတွေလွဲကုန်ရော။ ခိုင်းတဲ့သူကလဲ သေချာရှင်းလင်း တာဝန်ပေးဖို့လိုသလို၊ တာဝန်ပေးခံရတဲ့သူကလဲ နားလည်သဘောပေါက်ပြီး သဘောတူဖို့လိုတယ်။ အကောင်းဆုံးကတော့ တစ်ချက်ခြင်းစီကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးပြီး ရှင်းပြတာအကောင်းဆုံးပဲ။
(၄) သဘောတူ(agree) ….ဆိုတာ ကိုယ်တာဝန်ပေးတဲ့ အရာကို ဝန်ထမ်းဘက်က သဘောပေါက်ယုံမက၊ ဘယ်အရာကတော့ သူလုပ်နိုင်တဲ့အရာ၊ ဘယ်အရာကတော့ သူမကျွမ်းကျင်တဲ့အရာဖြစ်လို့မလုပ်နိုင်.. စတဲ့ လုပ်နိုင်၊မလုပ်နိုင် ကို နှစ်ဦးသဘောတူ နားလည်မှု လိုပါတယ်။ ဒါမှ ရှင်းလင်းပြတ်သားတဲ့ တာဝန်ပေးမှုတစ်ခုဖြစ်မယ်။ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိပါမယ်။
(၅) ခွင့်ပေး (Resource &power) …ဆိုတာ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ပေးတာ။ တာဝန်တွေတော့ ပေးပါရဲ့၊ လုပ်ပိုင်ခွင့်လဲ ချမပေး၊ ဆုံးဖြတ်ပိုင်ခွင့်ကမရှိ၊ ရပိုင်ခွင့်တွေကလဲ မသိရ ဆိုရင်တော့ ..ဝန်ထမ်းမမြဲဘူး.. ဆိုတဲ့ အရာတွေ ဖြစ်လာလိမ့်မယ်။
(၆) စောင့်ကြည့်(monitor) … ဆိုတာ တာဝန်ပေးလိုက်ရင် ပြီး ပြီးရောလို့ပစ်မထားပဲ လမ်းညွန်ပဲ့ပြင် ပေးဖို့အတွက် စောင့်ကြည့်တာ။ ဒီအရာကို ဝန်ထမ်းက နားလည်ဖို့လိုတယ်။ စောင့်ကြည့်တယ်ဆိုတာ ကလေး လမ်းလျောက်တတ်ကာစ ကို စောင့်ကြည့်သလိုပဲ ဖြစ်ရမယ်။ အမြဲတမ်းလိုက်ထိန်းပေးစရာမလိုဘူး။ ထိန်းကိုင်ပေးနေရင်လဲ ကလေး လမ်းလျောက်တတ်လာမှာမဟုတ်ဘူး။ စောင့်ကြည့်ပေးယုံပဲ ။ လဲကျရင် ကူထပေးလိုက်၊ မဟုတ်ရင်တော့ သူ့ဟာသူ လျောက်ပါစေ။
(၆) ခုပါပဲ။ မှတ်လို့လွယ်အောင် ကဗျာလေးလုပ်ထားပေးတယ်။
အလွတ်ကျက်ထားပြီး ….
ဝန်ထမ်းတွေကို တာဝန်ပေးတော့မယ် ဆိုတိုင်း ….
ဒီ ကဗျာ ကို ရွတ်ပါ။
လုပ်ငန်းတစ်ခု ပြီးမြောက်ဖို့.. ဘယ်လိုအကောင်းဆုံး တာဝန်ပေးရမလဲ ဆိုတာ တစ်ဆင့်ခြင်းစီပေါ်လာလိမ့်မယ်။
ကဲ… အကျိုးရှိရှိ အသုံးချ နိုင်ကြပါစေဗျာ။
မာသင်