Growing or Dying
ရှင်သန်မလား ၊ အသေခံမလား
လုပ်ငန်းအဖွဲ့အစည်းဆိုတာ သက်ရှိ (living Organism) ဆိုတာ ပြောပြီးပြီ။ သက်ရှိတိုင်းက ရှင်သန်ကြီးထွား (Growing) နိုင်အောင်လုပ်ရင်လုပ် ၊ မလုပ်ရင် တဖြည်းဖြည်း (Dying) ညိုးနွမ်းသေဖို့ပဲ။
ကြီးထွားရှင်သန်နေဖို့လိုတယ်.. မဟုတ်ရင် တဖြည်းဖြည်းသေဖို့ပဲ။
လုပ်ငန်းအဖွဲ့အစည်းအနေနဲ့ အမြဲတမ်း တိုးတက်နေဖို့လိုတယ်။ ဒါမှ ရှင်သန်ကြီးထွားနေမှာ။
ရှင်သန်တိုးတက်နေတဲ့အဖွဲ့အစည်းဖြစ်အောင် Learning Culture အမြဲတမ်းလေ့လာနေတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကိုထည့်သွင်းအကောင်အထည်ဖော်ရမယ်။ ဥပမာ .. လစဉ် ဝန်ထမ်းတွေကို စာအုပ်တွေဖတ်ဖို့ သတ်မှတ်၊တိုက်တွန်းရမယ်။ လိုအပ်ရင် လေ့လာမှုအတွက် ဆုချရမယ်။
လုပ်ငန်းခွင်ယဉ်ကျေးမှု (Culture) ဆိုတာအရေးကြီးတယ်။
Culture တစ်ခုဖြစ်ဖို့အတွက် အချက် (၃) ချက်လိုအပ်တယ်။
၁။ ရစ်သမ် (Rhythm) ကျရမယ်။
ပုံမှန်လုပ်နေကျ နေ့ရက်တစ်ခုသတ်မှတ်ရမယ်။ သင်္ကြန်ဆိုတာအမြဲတမ်းပုံမှန် ဧပြီမှာပဲ။ ခရစ်စမတ်ဆိုတာ အမြဲတမ်းပုံမှန် ဒီဇင်ဘာပဲ။ အဆင်ပြေတဲ့အချိန်မဟုတ်ရဘူး။ ဒါကြောင့် အချိန်တစ်ခုကို ပုံသေသတ်မှတ်ပါ။ လကုန်ရက်လား ။ စနေနေ့တိုင်းလား။ ဘယ်နေ့တိုင်းလဲ .. ဆိုတာသတ်မှတ်ပါ။
၂။ အကြိမ်အရေအတွက် (Frequency) များရမယ်။
ယဉ်ကျေးမှုတစ်ခုဖြစ်လာဖို့ဆိုတာ တစ်ကြိမ်တစ်ခါလုပ်ယုံနဲ့ မဖြစ်လာဘူး။ ကြိမ်ဖန်များစွာလုပ်ရင်းနဲ့ ဖြစ်လာတာ၊အမြစ်တွယ်လာတာ။ အနည်းဆုံး (၁၂) ကြိမ်လုပ်။
၃။ အားလုံးပါဝင်ပတ်သတ်မှု (Belong &Engage) ရှိရမယ်။
ဘယ်နှစ်ကြိမ်လုပ်လုပ် ဝန်ထမ်းတွေပါဝင်ပတ်သတ်မှုမရှိရင် လုပ်ငန်းခွင်ယဉ်ကျေးမှုဖြစ်မလာဘူး။ ပါဝင်လာမှ ပတ်သတ်လာမယ်။ ပတ်သတ်လာမှ ကိုယ်နဲ့ဆိုင်တယ်။ ကိုယ်နဲ့ဆိုင်မှ ကိုယ့်ယဉ်ကျေးမှုဖြစ်တယ်။ မဟုတ်ရင် ယဉ်ကျေးမှုတော့ဖြစ်လာပါရဲ့.. ကိုယ့်ယဉ်ကျေးမှုမဟုတ်ပဲ သူ့ယဉ်ကျေးမှုပဲဖြစ်မယ်။
ကိုယ့်ရဲ့လုပ်ငန်းကို အမြဲတမ်းရှင်သန်ကြီးထွားနေအောင် Learning Culture ပေါင်းထည့်ပြီး လေ့လာတိုးတက်နေတဲ့လုပ်ငန်းခွင်အဖွဲ့အစည်းဖြစ်လာအောင် ကြိုးစားတည်ဆောက်ပါ။
ရှင်သန်ကြီးထွားနေဖို့လိုတယ် .. မဟုတ်ရင် တဖြည်းဖြည်းညိုးနွမ်းသွားဖို့ပဲ။
ရှင်သန်မလား ?
အသေခံမလား?
ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ ။
#မာသင်
စီးပွားရေးအကြံပေး